ရွှေတောင် အောက်တိုဘာ ၁
ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေ စဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် ခန်းမတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ငွေများကို ဖြတ်တောက်ခြင်းမပြုဘဲ ချက်ခြင်း ပြန်လည် ဖြန့်ဝေပေးသွာရန် မှာကြားခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာ အုပ်စု(၄၈) ရွာ၊ စုစုပေါင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ အိမ်ထောင်စု (၁၇၄၇၃) ကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၄၉၄၆၀၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ်ထောင်စုများသို့ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)