ကမမောင်း မတ် ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
နံရံကပ်စာစောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်အကြောင်းနှင့် မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များ မဖြစ်ပေါ်ခင် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ဖြစ်ပေါ်လာလျှင် ပြုလုပ်သင့်သည့် အချက်များစသည့် အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် လူကုန်ကူးသူများ အသုံးပြုနိုင်သောနည်းလမ်းများအကြောင်း၊ လူကုန်ကူးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များအကြောင်းနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်၊ဆောင်ရန် အချက်များ စသည့်အချက်များပါဝင်သော နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန့်ဇင်(းပြန်/ဆက်)