ကန်ကြီးထောင့် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ယနေ့ ည ၉ နာရီခွဲအချိန်ခန့် လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် တစ်ဆောင်နှင့် လူနေအိမ်တချို့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကန်ကြီးထောင့် မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာရှိ အစိခဏရာမကျောင်းတိုက်ရှိ RC တစ်ထပ်သွပ်မိုး အလျား ၈ ပေ၊ အနံ ၄ ပေ အဆောက်အဦပေါ်သို့ သစ်ပင်ပြိုလဲကျသဖြင့် အမိုးခံကျောက်ပြားတချို့ ပျက်စီးခဲ့ပြီး အောင်တံခွန်ဘုန်းတော်ကြီးကျောင်းတိုက် အလျား ၄၀ ပေ၊ အနံ ၂၅ ပေရှိ ဓနိမိုး၊ ဓနိကာ ဆွမ်းစားကျောင်းဆောင် တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။
အလားတူ သော်ကကုန်းကျေးရွာရှိ ဦးလှိုင်ဝင်းတင် မိသားစုနေထိုင်သော ဝါး၊ ဓနိမိုး၊ ထရံကာ အလျား ၁၆ ပေ၊ အနံ ၁၃ ပေရှိ နေအိမ်နှင့် ဦးမြသိမ်းနေထိုင်သော ဝါး၊ ဓနိမိုး၊ ထရံကာနေအိမ်၏ အလျား ၆ ပေ၊ အနံ ၄ ပေရှိ မီးဖိုဆောင် တစ်ခုတို့လည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က လေပြင်းထပ်မံတိုက်ခတ်မှုကြောင့် အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာ၌ ဦးအောင်ဥာဏ်ဦး မိသားစုနေထိုင်သော အလျား ၁၈ ပေ အနံ ၁၅ ပေရှိ လူနေဝါးဓနိအိမ် တစ်လုံးနှင့် ဦးသာရွှေ မိသားစုနေထိုင်သော အလျား ၂၅ ပေ၊ အနံ ၂၀ ပေရှိ သစ်သားဓနိ မိုးနေအိမ်၏ အမိုးတချို့ ထိခိုက်ပျက်ဆီးခဲ့သည်။ အလားတူ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ဇီးဖြူချောင်ကျေးရွာရှိ ဦးဝင်းအောင် မိသားစုနေထိုင်သော အလျား ၂၀ ပေ၊ အနံ ၁၈ ပေရှိ သစ်သားဓနိမိုး နေအိမ်တစ်လုံး ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၏ အဆောက်အဦ အစိတ်အပိုင်း တချို့နှင့် လူနေအိမ်တချို့ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)