ကလိန်အောင်ဒေသတွင် နာနတ်သီးများစတင်ဆွတ်ခူးချိန်၌ ဈေးကောင်းရရှိနေ

ကလိန်အောင် မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုတပေါင်းလပိုင်း၌ နာနတ်သီး စတင်ထွက်ရှိချိန် ဈေးကောင်းရရှိပြီး ခူးဆွတ်ရောင်းချနေရကြောင်း ကလိန်အောင်မြို့ စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကလိန်အောင်မြို့တွင် ပြီးခဲ့သည့်နှစ် မိုးရာသီကစိုက်ပျိုးထားသည့် နာနတ်သီးများကို ယခု တပေါင်းလပိုင်းတွင် စတင်ခူးဆွတ်ပြီး ဈေးကွက်အတွင်းသို့ တစ်လုံးကို အသီးအရွယ်အစားလိုက် ငွေ ၁၅၀၀၊ ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

"ကလိန်အောင်မြို့မှာတော့ နာနတ်သီးအပင်များကို သီးသန့်စီးပွားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားတာတော့ မရှိဘူး၊ မိသားစု တစ်နိုင်တပိုင် အပိုဝင်ငွေ ရရှိဖို့အတွက်။  ဥယျာဉ်ခြံ များထဲတွင်   ကြားညှပ်ပြီးမြေအောက်ရေအစိုဓါတ်ဖြင့် စိုက်ပျိုးထားကြတာများတယ်"ဟု စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

မနှစ်က နာနာတ်သီးစတင်ပေါ်ချိန်တွင် အလုံးအရွယ်အစားအလိုက် တစ်လုံးကို ငွေ ၈၀၀၊ ၁၀၀၀ ကျပ်အထိသာ ဈေးရရှိပြီး ကလိန်အောင်ဒေသထွက် နာနတ်သီးများကို ဒေသအတွင်း စား‌သုံးသူများနှင့် မြို့အဝယ်ဒိုင်များက လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ဥယျာဉ်ခြံများကို အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်ကြသလို့ မိသားစု အပိုဝင်ငွေ ရရှိရေးအတွက်  မြေအောက်ရေဖြင့်  အခြားသီးနှံစားပင်များကိုပါ စိုက်ပျိုးလုပ်ကိုင်နေရသော ဒေသမြို့ငယ်လေးတစ်ခုဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)