လိပ်သို မတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလကြာရှည်စွာ အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ်သောနေရာများတွင် Box Culvert များအသစ် (၇) ခု တည်ဆောက်ကတ္တရာခင်းပေးခြင်း လုပ်ငန်းများမှာ ယခုအခါ ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်မှု ယခင်ကထက် ပိုမိုအဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းမှာ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နှင့် လိပ်သိုမြို့ နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသော လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ထားကာ လမ်း၏ အရှည်မှာ (၁၂) မိုင်ရှိပြီး တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းနှင့် သံမိုးတောင်ကျေးရွာတွင် ဆက်သွယ်ပေးထားကြောင်း သိရသည်။
လမ်းတည်ရှိရာနယ်မြေအတွင်းတွင် တိုင်းနှင့်ပြည်နယ် (၂) ခုရှိ ကျေးရွာနေပြည်သူ များမှာ ထိုလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းကို အသုံးပြုကာ အခြားမြို့ကြီးများသို့ ကူးသန်းသွားလာကြပြီး ဒေသထွက်ကုန် သီးနှံများ ပို့ဆောင်ရောင်းဝယ်မှု ပိုမိုလျင်မြန် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)