ပခုက္ကူခရိုင်အတွင်း ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ကျေးရွာများအနေဖြင့် ကမ်းထိန်းနှင့်ရေလမ်းကြောင်း ပြုလုပ်ပေးရေး လိုလားလျက်ရှိကြ

ပခုက္ကူ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းပုလုကျေးရွာအုပ်စုအတွင်းရှိ ကျွန်းပုလုကျေးရွာ၊ ခြောက်ဦးသားကျေးရွာနှင့် ရေစကြိုမြို့နယ်၊ အောင်သာကျေးရွာ၊ ငါးလန်ကျေးရွာများအတွင်းရှိ ရေလယ်ကျွန်းကျေးရွာများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျေးရွာများပျက်ဆီးနိုင်သဖြင့် ကမ်းထိန်းလုပ်ငန်းနှင့် ရေလမ်းကြောင်းပြောင်းလဲဖောက်လုပ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့အတွက် လိုလားလျက်ရှိကြကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်း ရေလယ်ကျွန်းကျေးရွာဖြစ်သည့် ပခုက္ကူမြို့နယ်၊ ကျွန်းပုလုကျေးရွာနှင့် ခြောက်ဦးသားကျေးရွာ၊ ရေစကြိုမြို့နယ်၊ အောင်သာကျေးရွာနှင့် ငါးလန်ကျေးရွာတို့သည် ၂၀၂၂ခုနှစ်၊ နွေရာသီကာလမှာစတင်ပြီး ကမ်းပါးပြိုကျမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာများထံ တင်ပြထားကြောင်း၊ ပြောင်းရွှေ့နေထိုင်ရန်အတွက် မြေနေရာအခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ပြောင်းရွေ့စရိတ်များပြားခြင်းတို့ကြောင့် လက်ရှိအချိန်တွင် ကျေးရွာရှိတာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကမ်းထိန်းနိုင်ရေးနှင့် ရေလမ်းကြောင်းပြောင်းလဲဖောက်လုပ်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားပါက ကျေးရွာများရှိ လူနေအိမ်များအပါအဝင် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစေတီများ ပျက်စီးဆုံးရှုံးနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ကမ်းထိန်းရေးလုပ်ငန်းများနှင့် ရေလမ်းကြောင်း ပြောင်းလဲဖောက်လုပ်ခြင်းလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ကျေးရွာပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ဘာမီသာ(ပခုက္ကူ)