ဆိပ်ဖြူ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲကို ကိုင်းစိုက်ပျိုးမြေနှင့်လယ်မြေတို့၌ သီးထပ်သီးညှပ်စိုက်ပျိုးဆောင်ရွက်ကြပြီး ကုလားပဲစိုက်ပျိုးရာ၌ တောင်သူများအနေဖြင့် သွင်းအားစု အနည်းငယ်သာအသုံးပြုရသည်။ စိုက်ပျိုးမြေပြင်ပြီး တစ်ဧကလျှင် ကုလားပဲတစ်တင်းခွဲ ခန့်ပက်ကြဲခြင်း၊ သီးညှပ်အဖြစ်စိုက်ပျိုးခြင်းဖြင့် ဆောင်ရွက်ရကာ ပိုးသတ်ဆေးနှင့် အပွင့်အားဆေးတို့ကို အသုံးပြုစိုက်ပျိုးကြသည်။ ကုလားပဲတစ်ဧကလျှင် နှစ်စဉ်ကိုင်းစိုက်ပျိုးမြေ၌ ကုလားပဲ (၁၀) တင်းမှ (၁၅)တင်းခန့်ထွက်ရှိကြောင်း၊ လယ်မြေ၌ တစ်ဧကလျှင် (၂၅)တင်းမှ (၃၀)တင်းအရှိ ထွက်ရှိကြောင်း၊ ကုလားပဲ စိုက်ပျိုးတောင်သူများအနေဖြင့် ယခုနှစ်ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးခဲ့ရာတွင် မိုးနှောင်းကာလ၌ မြေအစိုဓာတ်နည်းခြင်း၊ ဆောင်းဦးကာလ နှင်းကျမှုမရှိခြင်းတို့ကြောင့် ကုလားပဲပင်များ အပင်ပေါက်မစုံခြင်းများ ဖြစ်ပေါ်ခဲ့၍ ယခုနှစ် ကုလားပဲသီးနှံ ထွက်နှုန်းကျဆင်းခဲ့သော်လည်း ဈေးပိုမိုရရှိကြောင်း၊ လက်ရှိကုလားပဲဈေးနှုန်းမှာ ကုလားပဲအသေးတစ်တင်းလျှင် (၆၃၀၀၀)ကျပ်၊ ကုလားပဲအဝါ တစ်တင်းလျှင် (၆၄၅၀၀)ကျပ်၊ ကုလားပဲအဖြူ တစ်တင်းလျှင် (၆၅၀၀၀)ကျပ်အထိ ရောင်းချနေရပြီး ယခင်နှစ်ထက် တစ်တင်းလျှင် နှစ်သောင်းကျပ်ထက် ပိုမိုရရှိကြောင်းဒေသခံတောင်သူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)