မြို့သစ်မြို့နယ်တွင်လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ထောက်ပံ့ငွေပေးအပ်    

မြို့သစ် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ ပြုပြင်ပြင်ဆင်ဆောင်ရွက်ရန် ထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုထွေး က လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ ပြုပြင်ဆောင်ရွက်ရန် မြေပြင်သာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် အောင်မြင်သာကျေးရွာတို့မှ ဆင်းရဲနွမ်းပါး ချို့တဲ့သည့် အိမ်ခြေ (၁၀၀) အတွက် လူနေအိမ်တစ်လုံးလျှင် (၄၅၀၀၀/) နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေ (၄၅၀၀၀၀၀/) (ကျပ်လေးဆယ့်ငါးသိန်းတိတိ) ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                            

ဝင်းအိဇွန်(ပြန်ဆက်)