ကံမမြို့၌  တားမြစ်ဓာတု ပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်းများ  ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေး

ကံမ မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ် ကွက်များရှိ ကုန်စုံဆိုင်များ၊ အလှကုန်ဆိုင်များတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများအနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းကို  ခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊    မြို့နယ် ကျန်းမာရေးဌာနနှင့်   မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ယမန်နေ့နံနက် ၁၀ နာရီက    ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   အာဆီယံနိုင်ငံများ၏ Post- Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း (၃၅)မျိုးအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းမှ ပပျောက်စေရေးတို့အတွက် အသိပညာပေး  ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)