အုတ်တွင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

အုတ်တွင်း မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ လွယ်လင့်တကူစာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာပေမှရရှိသည့် အထွေထွေ ဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စာဖတ်ပရိသတ်များကြိုက်နှစ်သက်သည့် သုတ၊ရသ၊ဝတ္ထု၊ဆောင်းပါးနှင့်မဂ္ဂဇင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ် ပြုလုပ်လျက်ရှိပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များနှင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)