လောင်းလုံး အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအထူးရဲများ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က အထက-လောင်းလုံး၊ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံထူးက အဖွင့်အမှာစကားပြောကြားပြီး၊ လောင်းလုံး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းလွင်ကသင်တန်းသားအနေဖြင့် မိမိတို့တာဝန်ကျရာမဲရုံများတွင် လုံခြုံရေးတာဝန်များ ဆောင်ရွက်ရာ၌ အထောက်အကူပြုရန် အခက်အခဲပြသာနာများဖြစ်ပေါ်လာပါကအချိန်နှင့် တပြေးညီတာဝန်ရှိသူ အဆင့်ဆင့်ထံ ဆက်သွယ်တင်းပို့နိုင်ရေးအတွက် မဲရုံဇုန်အလိုက် သန္ဓေရဲတပ်ဖွဲ့ဝင်များကိုလည်း လုံခြုံရေးတာဝန်များ ချထားဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားသည်။ အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၁၄)ဦးကို အောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ (၂၈)ရက် အထိသင်တန်းပေး၍ နိုဝင်ဘာ (၁၅)ရက်နေ့အထိ (၄၆)ရက် ခန့်အပ်တာဝန်ပေးမည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမင်းလွင်ထံမှ သိရှိရပြီးအထူးရဲသင်တန်းဖွင့်ပွဲတွင် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ၊ဦးကံထူး၊မြို့နယ်ရဲမှူးမင်းလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)