ကန့်ဘလူ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ဘိုးဘွားများအား ယခုလို အသက်ရှည်စွာ တွေ့ရခြင်းကြောင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဘိုးဘွားများ မကျန်ရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် မြို့နယ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက ဘိုးဘွားများအား နေရာအရောက် လိုက်လံပေးအပ်ကြသည်။ ယင်းနောက် ဘိုးဘွားများကိုယ်စား အဘိုး ဦးလှအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ကန့်ဘလူမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၂ ခုနှစ် အောက်တိုဘာ/ နိုဝင်ဘာ/ဒီဇင်ဘာ သုံးလစာ တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၉၈၅ ဦးတို့အတွက် ကျပ် ၂၉၅၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)