တောင်တွင်းကြီး မတ် ၁၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၁၁၉၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက ရွှေအင်းတောင်စေတီမြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစာရိတ္တ၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူးဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ ရွှေအင်းတောင်စေတီမြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇယန္တောဗောဓိယာအစရှိသည့် အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ဆွမ်းသပိတ်လောင်းလှူပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီး သံဃာ့နာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တမာနိတအမှူပြုသော မြို့ပေါ်ကျောင်းတိုက်ပေါင်း(၅၇)တိုက်မှ ဝါဆိုသံဃာတော်အပါး(၃၀၀)ကျော်တို့အား ဌာနဆိုင်များ၊ မြို့ပေါ်(၁၀)ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်၊ ဆွမ်းဟင်းချိုင့် စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြပြီး လှူဒါန်းမူအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာကြားကာ ရေစက်သွန်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)