မြိတ် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လူဦးရေစာရင်းများကို လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို eID Main Server အတွင်းသို့ Software ရေးသွင်း ဆောင်ရွက်လျက်ရှိရာ ပြင်ဆင်/ဖြည့်စွက် ထည့်သွင်းဆောင်ရွက်မှု(၈၅.၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
မြိတ်ခရိုင်အနေဖြင့် အိမ်ထောင်စုပေါင်း(၁၉၃၄၄၂)ရှိပြီး မြို့နယ်များအလိုက် စာရင်းကောက်အဖွဲ့များဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး စာရင်း ကောက်ယူခြင်းလုပ်ငန်းကျန်ရှိသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြရာ လက်ရှိအချိန်၌ ကောက်ယူပြီးစီးသည့် အိမ်ထောင်စုပေါင်းသည်(၁၈၅၀၃၂)ရှိပြီဖြစ်သည်။
လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦး ရေစာရင်းများကို မြို့နယ်များအလိုက် eID Main Server အတွင်းသို့ Software ရေးသွင်းခြင်းလုပ်ငန်းဖြင့် လူဦးရေစာရင်း ပြင်ဆင်/ဖြည့်စွက် ထည့်သွင်းဆောင်ရွက်မှုသည် ဖေဖော်ဝါရီလ(၁)ရက်မှ မတ်လ(၁၂)ရက်အထိ အိမ်ထောင်စုပေါင်း(၁၅၈၈၅၃)ဆောင်ရွက်နိုင်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၈၅.၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးထံမှ သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းများကို Software ရေးသွင်း ဆောင်ရွက်ခြင်လုပ်ငန်းကို သက်ဆိုင်ရာ မြို့နယ်များအလိုက် စာရင်းရေးသွင်းဆောင်ရွက်ရာတွင် မှန်ကန်စွာ ဂရုတစိုက်အလေးထား ရေးသွင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ရေးသွင်းဆောင်ရွက်လျက်ရှိကြပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး( ပြန်/ဆက် )