ထားဝယ် မတ် ၁၃
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုပြုလုပ်သောအစည်းအဝေးသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သောနှစ်က ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့်လိုအပ်ချက်များ၊ လစ်ဟမှုများရှိခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး သင်္ကြန်ပွဲတော်သည်လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သောမြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ တစ်နှစ်တာလုံးပင်ပန်းနွမ်းနယ်မှုများ၊ စိတ်ပင်ပန်းမှုများ ဖြေလျော့နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘာသာရေး၊ သာသနာရေးကိစ္စရပ်များတွင်လည်း ဆောင်ရွက်နိုင်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မဏ္ဍပ်များဖျော်ဖြေရေးနှင့် စတုဒိသာကျွေးမွေးမှုများ ဆောင်ရွက်နိုင်သည်များကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အများပြည်သူစိတ် အပန်းဖြေနိုင်စေရန်နှင့် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေးအလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဘဏ္ဍာငွေ ရှာဖွေရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာ ချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေး၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲကျင်းပရေး၊အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပွဲကျင်းပရေး လုပ်ငန်းများအလိုက်ရှင်းလင်းဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)ကျော်ကျော်လတ်