နေပြည်တော် မတ် ၁၃
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုကြခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဓာတုဗေဒဘာသာရပ်ကို ဘားအံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၂၆) ဦး၊ ပျက်ကွက် (၈၄)ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၄၃ ရာခိုင်နှုန်း၊ လိပ်သိုမြို့နယ်အတွင်းရှိ အ.ထ.က(လိပ်သို)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၆.၉၆ ရာခိုင်နှုန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၃) ဦး၊ လှိုင်းဘွဲမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁၆) ဦး၊ ပျက်ကွက်သူ (၂၂) ဦး၊ သံတောင်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၈) ဦး၊ ကမမောင်းမြို့နယ်ရှိ အ.ထ.က (ကမမောင်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၇) ဦး၊ ပျက်ကွက် (၄) ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။
ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ကရင်ပြည်နယ်တွင် စာစစ်ဌာန (၃၂) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ မတ်လ ၁၄ ရက်နေ့ (အင်္ဂါနေ့)တွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်သည်။