ရှမ်းရွာသစ်မြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းရွာသစ် အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ နောက်ဆုံး အကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပေးပြီး ဆန္ဒမဲ စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ -၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများပါဝင်ပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်း ပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန် ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်း များလာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝေဠု(ပြန်/ဆက်)