ကြံခင်းမြို့တွင် ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေများပေးအပ်

ကြံခင်း   အောက်တိုဘာ    ၁

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉-ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်ဆီးမှုအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကြံခင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က မိုးတွင်းကာလ မိုးများချိန်တွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရမှုများ၊ စိုက်ပျိုးတောင်သူများ အနေဖြင့်ဂရုပြုရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစတိုင်းသာယာက သဘာဝဘေးကြောင့် ပျက်ဆီးမှု၊ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကြပ်တည်းမှုများ အဆင်ပြေစေရန် ထောက်ပံ့ပေးမှုနှင်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာကြသော ကျေးရွာအုပ်စု(၁၅)စုမှ  စိုက်ပျိုးရေးတောင်သူ (၆၅၃)ဦးအတွက် စိုက်ပျိုးပျက်စီးဧကပေါင်း (၁၃၉၇)ဧကအား ထောက်ပံ့ငွေ စုစုပေါင်းကျပ်သိန်း (၁,၃၉၇၀,၀၀၀)ကို တာဝန်ရှိသူများက သက်ဆိုင်ရာအုပ်စုများသို့ ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာအုပ်စုများက ပျက်စီးဆုံးရှုံးသူတောင်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးရန်ပြောကြားခဲ့သည်။

မိုးမိုး(ပြန်/ဆက်)