ကျောင်းကုန်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့၏ ကျက်သရေဆောင် မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားကြီး ပရဝုဏ်အတွင်း၌ အလှူရှင် အများကောင်းမှုဖြင့် ဆောက်လုပ်ပြီးစီးသော "ဓမ္မသဟာရမဉ္ဇရီ ဗိမာန်တော်ကြီး" ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူမင်္ဂလာကို ယနေ့နံနက် ၉ နာရီအချိန် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ဆရာတော်/သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ဆရာတော်ကြီးမှ ရေစက်ချ အနုမောဒနာတရား ဟောကြားကာ ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ကျောင်းလွှတ်ပူဇာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
"ဓမ္မသဟာရမဉ္ဇရီဗိမာန်တော်ကြီး" ဆောက်လုပ်ရာတွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသမှ ကျပ်သိန်း(၁၀၀)၊ ဦးသောင်းနှင့် တူ/တူမများ၊ မြေးများမှ ကျပ်သိန်း(၆၀၀)ကျော်၊ ဦးထွန်းဝင်း+ဒေါ်အေးအေးမြင့် ရန်ကုန်မြို့က ကျပ်သိန်း (၁၀၀) ဒေါ်သိန်းမြင့်နှင့် ကိုသန်းနိုင်တို့အား ရည်စူး၍ မသင်းသင်းချို (သီတာဦး)မှ ကျပ်သိန်း(၁၀၀)၊ အပါအဝင် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၃၀၀၀)ခန့် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)