အဝေးပြေးမော်တော်ယာဉ်လိုင်း (၁၆)လိုင်းမှ ယာဉ်များပြေးဆွဲနေ၍ နတ်မောက်မြို့နယ် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့

နတ်မောက် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ခရီးသွားပြည်သူများသည် အဝေးပြေးမော်တော်ယာဉ်လိုင်း (၁၆) လိုင်းမှ မော်တော်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသဖြင့် ခရီး သွားလာမှုအဆင်ပြေကြကြောင်း သိရသည်။

နတ်မောက်မြို့မှ အဝေးပြေးယာဉ်လိုင်း(၂)လိုင်းသည် နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ပြေးဆွဲလျက်ရှိပြီး အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်မြို့မှ အဝေးပြေးယာဉ်များ၊ စစ်တွေ၊ အမ်း၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့တို့မှ အဝေးပြေးယာဉ်များသည် နတ်မောက်မြို့ကို ဗဟိုပြု၍ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲလျက်ရှိသည်။

“နတ်မောက်မြို့ခံ ပင်မအခြေစိုက်အဝေးပြေးယာဉ်လိုင်းအနေနဲ့ ရွှေပြည်ယာဉ်လိုင်း၊ အောင်ချမ်းမြေ့ယာဉ်လိုင်း ရှိပါတယ်။ ရွှေပြည်ယာဉ်လိုင်းက တောင်တွင်းကြီး၊ အောင်လံ ၊ ပြည်မြို့အထိ ပြေးဆွဲနေပြီး အောင်ချမ်းမြေ့ ယာဉ်လိုင်းကတော့ နေပြည်တော်၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ တာချီလိတ်၊ မူဆယ်တို့ကို ပြေးဆွဲပါတယ်၊ ရခိုင်ပြည်နယ်က  စစ်တွေ၊ အမ်း၊ မြစ်အနောက်ဘက်က စလင်း၊ ပွင့်ဖြူ၊ မင်းဘူးက အဝေးပြေးယာဉ်တွေ၊ မကွေး၊ တောင်တွင်းကြီး၊ မြို့သစ်မြို့က အဝေးပြေးယာဉ်တွေကတော့ နတ်မောက်မြို့ကို ဗဟိုပြုဖြတ်သန်းရပ်နားပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ် ခရီးစဉ်တွေကို ပြေးဆွဲနေပါတယ်၊ အခြားမြို့တွေက အဝေးပြေးယာဉ်လိုင်း(၁၄)လိုင်းနဲ့ မြို့ခံအဝေးပြေး ယာဉ်လိုင်း(၂)လိုင်းတို့က နေရာဒေသအသီးသီးကို ပြေးဆွဲပေးတဲ့အတွက် နတ်မောက်မြို့နယ်က ခရီးသွားပြည်သူတွေ သွားလာရေးအတွက် အဆင်ပြေချောမွေ့နေပြီဖြစ်ပါတယ်”ဟု မြို့နယ်ပုဂ္ဂလိကလုပ်ငန်းသုံး  ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ပြောသည်။

နတ်မောက်မြို့သို့ ဝင်ရောက်ရပ်နားပြီး ခရီးသည်များကို ဝန်ဆောင်မှုပေးနေသည့် မြရတနာကားသည် နတ်မောက်-နေပြည်တော်-ရန်ကုန်-မန္တလေး၊ မြ၀တီသို့လည်း ကောင်း၊ တော်ဝင်မဟာယာဉ်သည် နတ်မောက်-ပခုက္ကူ-ရေစကြို-မုံရွာသို့လည်ကောင်း၊ အောင်လံမိုးယာဉ်သည် နတ်မောက်-ပခုက္ကူ-ရေစကြို-မုံရွာမြို့သို့၎င်း၊ မြို့သစ်ဒဂုံယာဉ်သည် နတ်မောက်-ပျော်ဘွယ်-ရန်ကုန်သို့လည်ကောင်း၊ အောင်ကောင်းမြတ်၊ နယူးဧရာ၊ မန္တလာမင်း၊ ရွှေပွင့်ဖြူ၊ ပန်းတိုင် စသည့်ယာဉ်များသည် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ဘက်သို့ ပြေးဆွဲလျက်ရှိကြောင်း အချို့ယာဉ်လိုင်းများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်-ရေး-ထားဝယ်၊ တောင်ငူ-ဘားအံအထိ သွားလာရေးအတွက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြရတနာကားဂိတ်မှ ဂိတ်မှူးထံက သိရသည်။

မူမူစန်း