အုတ်တွင်းမြို့နယ် Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် ကိုယ်ကာယကြံ့ခိုင်မှုအခြေခံ Fitness Dance သင်တန်းဖွင့်လှစ်

အုတ်တွင်း မတ် ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှု အခြေခံ Fitness Dance သင်တန်းဖွင့်လှစ်သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သပြေက နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အတွင်းရှိကျောင်းသား ကျောင်းသူလူငယ်များ အားကစားနှင့်ကာယပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သင်တန်းကိုဌာနသုံးခုပေါင်း၍ ပူး‌ပေါင်းဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းပြောကြားသည်။

အုတ်တွင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် Fitness Danceသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိပြီးယနေ့နံနက် ၉ နာရီမှစ၍ သုံးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ ဆက်)