ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများ ရွေးချယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်() ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဦးကျော်လွင်ထွန်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က လူငယ်များ အစားအစာများ ဘေးကင်းလုံခြုံရေးအတွက် ကုန်ညွှန်းအမှတ်အသား ပါဝင်သော အစားအသောက်များကို ရွေးချယ်စားသုံးရေး၊ အစားအသောက်များတွင် ပါဝင်နိုင်သော ဆိုးဆေးများ၊ တာရှည်ခံ  ဖော်မလင် ပါဝင်နိုင်သော အစားအစာများနှင့် စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများက ကိုယ်ခန္ဓာဖွံ့ဖြိုးရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း