ဟင်္သာတ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် နတ်မော်အုပ်စု၊ နတ်မော်ကျေးရွာ ကွက်သစ်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မှုခင်းလျော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူးဆန်းဝင်းမှ မှုခင်းဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် ပတ်သက်၍ မှုခင်းဖြစ်စဉ်သာဓကများဖြင့် အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့ပြီး၊ မြို့မစခန်းမှူး ဒုရဲမှူး သန်းဇော်ဦးမှ ဒေသခံ ပြည်သူများအနေဖြင့် မှုခင်းကိစ္စရပ်များ ဖြစ်ပွားလာပါက ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးရန်၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်၊ ဥပဒေအရ သိရှိလိုသည်များ ရှိပါက အချိန်မရွေး ရဲစခန်းသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ ကျေးရွာများအတွင်း မှုခင်းဖြစ်စဉ်နှင့် ထူးခြားမှုများ ရှိပါက ချက်ချင်းသတင်းပေးပါရန် စသည်ဖြင့် ဟောပြော ဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ နတ်မော်အုပ်စုနှင့် ကျုံတွမ်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူ (၁၅၀)ဦး တက်ရောက် နားထောင်ခဲ့ကြပြီး မိမိတို့သိရှိလိုသော အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)