လက်ပံတန်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မိုးစပါး၊ နွေစပါးအထွက်နှုန်း တိုးတက်စေရန်၊ တိုက်ရိုက်ကြဲခင်းစနစ်မှ အစေ့ချစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲခြင်းဖြင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာ(Drum Seeder)များအား တောင်သူများလက်ဝယ်အရောက်ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ဒေသတွင်း စားရေရိက္ခာဖူလုံစေရန်အတွက် လယ်ယာမြေများ နှစ်သီးစားမှ သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်စေရေးနှင့် မျိုးကောင်းမျိုးသန့်များရွေးချယ်၍ နည်းစနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ Drum Seeder တပ်ဆင်ပုံကို လက်တွေ့ပြသပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Drum Seeder) ၅၃ လုံးအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့သည်။
တောင်သူများအနေဖြင့် အဆိုပါမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထားသက်သာခြင်း၊ လုပ်သားအင်အားသက်သာခြင်း၊ အတန်းလိုက်မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက် ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုမိုခြင်းစသည့် အကျိုးများရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)