ဒီးမော့ဆို အောက်တိုဘာ ၁
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုကြရန် အသိပညာပေးပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူ (၁၂၀) ဦးအား တစ်ဦးလျှင် ဒဏ်ငွေ ၁၀၀၀ ကျပ် ပေးဆောင်စေကာ ချက်ချင်း တပ်ဆင်နိုင်ရန်အတွက် Mask နှစ်ခု ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)