ဟားခါး မတ် ၁၂
၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၃၈၅ ခုနှစ်၊ မြန်မာ နှစ်ဆန်း( ၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လာမည့်ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ထိရောက်အောင်မြန်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတက်ရောက်လာကြသည့် ပုဂ္ဂိုလ်များသည် မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အတွေ့အကြုံရှိကြသူများဖြစ်၍ ပွဲတော်ကိုထိရောက်အောင်မြင်စွာ ကျင်းပနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူအားလုံးက ပွင့်ပွင့်လင်းလင်းဆွေး နွေး တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က ဟားခါးမြို့တွင် ကျင်းပပြုလုပ်မည့် မဟာသင်္ကြန်ပွဲတော်သည် ပြည်နယ်အဆင့်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်သည့်အတွက် ပြည်နယ်အဆင့်နှင့်လျှော်ညီစွာ ကျင်းပပြုလုပ်ရန်လိုကြောင်းနှင့် လုံခြုံရေးကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်း ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ၊ ချင်းပြည်နယ်အစိုးရအဖွဲ ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်အခွန်ဦးစီးမှူး ဦးကျော်အောင်မိုး၊ မဟာသင်္ကြန်ပွဲတော်အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဦးနှင့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှူး ဦးကျော်ကျော်ထွန်းတို့က ယခင်နှစ် မဟာသင်္ကြန်ပွဲတော်ကျင်းပခဲ့မှုအခြေအနေ၊ ရန်ပုံငွေသုံးစွဲခဲ့မှုအခြေအနေနှင့် လာမည့်မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် ရန်ပုံငွေလိုအပ်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )