ဝန်းသို မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ရေနုတ်မြောင်း အရှည်(၂၅၀)ပေအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ထောက်ပံ့ရန်ပုံငွေကျပ်(၉.၈၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းစည်ပင် (ငွေလုံးငွေရင်း) ထောက်ပံ့ငွေကျပ်သန်း (၁၀၀.၀၀) ဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၅)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)ခု၊ Box Culvert တံတား(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့တွင်း ကျောက်ရိုးစီရေနုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်း(၃)ခုနှင့် အုတ်ရိုးစီရေနုတ်မြောင်းပြုလုပ်ခြင်း(၁)ခု စုစုပေါင်းလုပ်ငန်း(၁၄)ခုကိုဆောင်ရွက်လျက်ရှိပြီး အလားတူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ်(၂၈)သန်းကျော်ဖြင့် မြနန္ဒာရပ်လမ်းမကြီး(၄)လမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် လမ်းမြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ချွန်းတောင်တန်းရပ်ကွက်တွင်းလမ်း၊ မြနန္ဒာရပ်အမှတ်(၃)လမ်း၊ ရွာသစ်ကုန်း-ကျောက်မြောင်းလမ်းတို့တွင် Box Culvert (၁) စင်းစီ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၂)ခုတို့ကို အပြီးသတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း