ပဲခူးမြို့တွင် စာပေဥယျာဉ်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ပဲခူး မတ် ၁၂

ပဲခူးမြို့ သမာဓိလမ်း ရပ်ကွက်ကြီး (၇)ဥဿမြို့သစ်တွင် တည်ဆောက်ခဲ့သည့် စာပေဥယျာဉ်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါ်ခင်၀တ်ရည် (၀တ်ရည်ခင်-ပဲခူး)၊ စာကြည့်တိုက်ဖောင်ဒေးရှင်း အတွင်းရေးမှူးဦးကျော်မင်းနိုင်နှင့်  စာပေဥယျာဉ်စာကြည့်တိုက်တည်ထောင်သူ ကိုမျိုးအာကာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါ်ခင်၀တ်ရည် (၀တ်ရည်ခင်-ပဲခူး)က စာကြည့်တိုက်တစ်ခု ဖွင့်လှစ်နိုင်ခြင်းသည် ပဲခူးမြို့အတွက် လူတော်လူကောင်းများစွာကို မွေးထုတ်နိုင်ခြင်း၊ ယခုလိုနွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုနိုင်ရန်အချိန်မီဖွင့်လှစ်ခြင်းဖြစ်ကာ စာများများဖတ်ကြမှသာ ကောင်းမှုမြတ်နိုးကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်မှာ တည်စေလိမ့်မည်ဖြစ်ကြောင်း မုဒိတာစကား ပြောကြားခဲ့သည်။

ထို့နောက်  စာပေဥယျာဉ်စာကြည့်တိုက်တည်ထောင်သူ ကိုမျိုးအာကာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသူများက စာပေဥယျာဉ် စာကြည့်တိုက်အတွင်းလိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)