တောင်ကုတ် မတ် ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ နွေရာသီတွင်ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်အလိုက်အပိုင်း(၂)ပိုင်းခွဲ၍ အလှည့်ကျစမ်းသပ်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့အပိုင်း(၂)ပိုင်းခွဲ၍ ရေပေးဝေရန်စီစဉ်လျက်ရှိရာတွင် ကိုင်းရှည်ရပ်ကွက်၊ သိမ်တောင်ရပ်ကွက်နှင့် မြို့မဈေးကြီးတို့ကို အပိုင်း(၁)အဖြစ်သတ်မှတ်၍ ကံပိုင်၊ ဂူတာနှင့်ချောင်းကောက်ရပ်ကွက်များကို အပိုင်း(၂)အဖြစ်သတ်မှတ်ကာ နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ အလှည့်ကျစမ်းသပ်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝက်ကျိတ်ဆည်နှင့်ဂရုဏာဆည်များမှရေများကို မြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာရှိ ပြည်သူများသို့ ဖြန့်ဝေပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ဂရုဏာဆည်တွင် ရေလှောင်နိုင်သည့်ပမာဏ(၃၁)ပေသို့မရောက်ရှိဘဲ (၂၅)ပေခန့်သာရောက်ရှိခဲ့သဖြင့် (၆)ပေခန့်လျော့နည်းခဲ့ခြင်းနှင့် ဝက်ကျိတ်ဆည်တွင် ရေသိုလှောင်နိုင်မှုပမာဏ(၂၅)ပေရှိသော်လည်း (၁၄)ပေထိသာရရှိခဲ့ပြီး ဆည်အောက်ခြေရေစိမ့်မှုကြောင့် ရေများခမ်းခြောက်ပြီး အသုံးမပြုနိုင်တော့သည့်အတွက် လက်ရှိတွင် ဂရုဏာဆည်မှရေကိုသာ အားထားဖြန့်ဝေနေရကြောင်း သိရသည်။
လက်ရှိတွင် ဂရုဏာဆည်မှ ရေများကို ဖြန့်ဝေရာတွင် ယခင်က(၆)လက်မပိုက်လိုင်းများဖြင့်ဖြန့်ဝေခဲ့သော်လည်း ယခုနှစ်နွေရာသီတွင် (၈)လက်မပိုက်လိုင်းဖြင့်အစားထိုးဖြန့်ဝေပေးလျက်ရှိရာ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေပြတ်လပ်မှုမရှိစေရေး ၊ ဇွန်လလယ်ထိ အသုံးပြုနိုင်ရေးအတွက် ရေဖြန့်ဝေခြင်းကို အပိုင်း(၂)ပိုင်းခွဲ၍ အချိန်ပိုင်းဖြင့်သာ စမ်းသပ်ဖြန့်ဝေပေးတော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်စိန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)