ဖားဆောင်း မတ် ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံစေပြီး မြို့သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေး အတွက်အပတ်စဥ်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီကမြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၏ ဘေးပတ်ဝန်းကျင်နှင့် လမ်းဘေးတစ်လျှောက်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်မှာ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦးများ၊ ကျောင်းများ၊ ဆေးရုံများနှင့် အများပြည်သူပိုင် အဆောက်အဦးများအား တောမီးလောင်ကျွမ်းရာမှတစ်ဆင့် ကူးစက်လောင်ကျွမ်းပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် မီးတားလမ်းများပြုလုပ်ခြင်း၊ သစ်ရွက်ခြောက်များ၊ သစ်ပင်များအမှိုက်များ ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရခြင်းဖြစ်ကြောင်း မြိုအင်္ဂါရပ်နှင့်ညီစေရန် သန့်ရှင်းရေးသာယာလှပရေးကို အလေးထားဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်၍စုပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး ကပြောကြားခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၁၀) ဦးကမြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၏ ဘေးပတ်ဝန်းကျင်နှင့်လမ်းဘေးတစ်လျှောက် ရှိသစ်ရွက်ခြောက်များ၊ သစ်ပင်များ၊ပေါင်းမြက်များ၊ အမှိုက်သရိုက်နှင့် ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)