လွိုင်ကော် မတ် ၁၁
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ၏ မိသားစုဝင်များအတွက် အခြေခံ (ဆံသ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လူမှူဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားပြီး ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(လွိုင်ကော်)မှ အမှုဆောင် ဦးအောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း၊ သင်တန်းနည်းပြဆရာမ မှ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ၏ မိသားစုဝင်များ အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာများ ရရှိလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကာ မိသားစုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူနေမှုဘဝတိုးတက်မြင့်မား လာစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)