ငဖဲ မတ် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏ အနောက်ဘက်ကိုင်းမြေ ၀ ဒသမ ၅၀ ဧကတွင် မြေအောက်ချောင်းရေကို အသုံးပြု၍ နိုင်ငံခြားနှင်းဆီမျိုး အပင် ၁၀၀၀ ကျော်ကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရကာ မိသားစု ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားနှင်းဆီမျိုးများကို မန္တလေးမြို့မှတစ်ဆင့် မှာယူပြီးပျိုးပင်များကို တန်းကြား ၄ပေ၊ ပင်ကြား ၁ ပေ အကွာကြားချပြီး စိုက်ပျိုးထားကြောင်း၊ အပင်များကို ဘောင်လုပ်ပြီး ရေပေးသွင်းကာ အပင်ရှင်သန်အပွင့်လှပစေရန်အတွက် နွားချေး၊ ကြက်ချေးနှင့် မြေဩဇာထည့်သွင်း ပေးရပြီး ပိုးသတ်ဆေး၊ မှိုဆေး၊ အားဆေးများ ဖြန်းပေးရကြောင်း၊ ခြံအတွင်းနှင်းဆီပင်များ စိုက်ပျိုး ထားသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး နေ့စဉ်ပုံမှန်ခူးဆွတ်ရောင်းချနေရကြောင်း၊ မိမိခြံမြေအတွင်း နိုင်ငံခြားနှင်းဆီပင်များနှင့်အတူ အာဆီယံသပြေ၊ ဟော်လန်သစ္စာပန်း၊ ကညွတ်ပင်များကို စိုက်ပျိုး ထားရှိကြောင်း၊ ခြံအတွင်းသို့ ဘုရားပန်းလှူရန်နှင့် အလှူ၊ မင်္ဂလာဆောင်များက လာရောက်ဝယ်ယူ ကြကြောင်း၊ နှင်းဆီပန်းတစ်ပွင့်လျှင် ငွေကျပ် ၁၀၀ မှ ၁၅၀ နှုန်းဖြင့် ငဖဲမြို့မဈေးတွင် ရောင်းချရပြီး ငွေကျပ် ၁၃၀ နှုန်းဖြင့် ဖောက်သည်ဈေးပေးသွင်းရကြောင်း၊ နှင်းဆီပန်းနှင့် သပြေပန်းများကို တစ်နေ့ပျမ်းမျှ နှစ်သောင်းကျော်ခန့်ရောင်းချရလို့ မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေရရှိကြောင်း ပေကုန်းကျေးရွာမှ နှင်းဆီပင်များစိုက်ပျိုးရောင်းချသူ ဒေါ်အေးစီက ပြောကြားသည်။
မယု(ငဖဲ)