ပွင့်ဖြူ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေး သတိပြုလိုက်နာနိုင်ရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မတ် ၁၀ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်း ညွန့်နှင့် တာန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းသို့ သွားရောက်၍ ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေး အထူးသတိပြုလိုက်နာဆောင်ရွက်ရန်၊ လျှပ်စစ်မီးကိုင်တွယ်အသုံးပြုရာ၌ မီးဘေးအန္တရာယ် ကင်းဝေးစေရန် စနစ်တကျကိုင်တွယ်အသုံးပြုကြရန် ၊ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့တွင်း ရွှေယင်းမာလမ်းနှင့် သရဖီလမ်း၌ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော သစ်ရွက်ခြောက်အမှိုက်များနှင့် သဲနုန်းရွှံ့များကို ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းနေမှုနှင့် လမ်းဘေး (ဝဲ၊ယာ) တစ်လျှောက် ပေါင်းမြက်များနှင့် အမှိုက်သရိုက်များ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူလူထု စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်နှင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နေ့စဉ် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်း ဈေးဝယ်ပြုလုပ်နိုင်ရေး ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေး ကြပ်မတ် စစ်ဆေးခြင်း ၊ ကျူးကျော်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းမရှိစေရေး အသိပညာပေးခြင်း ၊ ဒေသခံပြည်သူလူထု မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်ဖြင့် နေ့စဉ်အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း လုပ်ငန်းများပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပြန်/ဆက် )