မုံရွာခရိုင်ဦးစီး မှူးရုံးတွင် ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

မုံရွာ မတ် ၁၁

ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင်ဦးစီး မှူးရုံး၊ အောင်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် သီးနှံများအထွက်နှုန်းတိုးစေရန်၊ ရေနည်းကာလ ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေချွေတာ စိုက်နည်းစနစ်များ၊ ကွန်တိုကန်သင်းဆောင်ရွက်ခြင်း နည်းလမ်းများအား ဆွေးနွေးပို့ချခဲ့သည်။

ထို့နောက် တိုင်းမြေ အသုံးချရေးတာဝန်ခံမှ သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ရေကိုစနစ်တကျ ချွေတာသုံးစွဲရေး နည်းလမ်းများအား ပို့ချခဲ့ပြီးနောက် ခရိုင်မြေအသုံးချရေး တာဝန်ခံမှ သီးနှံစိုက်ခင်းများ၏ ရှိရင်းစွဲအဟာရဓါတ်များ သိရှိခြင်းဖြင့် ထည့်သွင်းအသုံးပြုသင့်သည့် မြေဩဇာပမာဏကို သိရှိနိုင်ရန်လည်းကောင်း၊ မြေချဉ်ငံဓါတ်ကို သိရှိခြင်းဖြင့် ပြဿနာရှိသော စိုက်ပျိုးမြေများကို ပြုပြင်နိုင်ရန်လည်းကောင်း နှစ်ရှည်သီးနှံစိုက်ကွင်းများနှင့် ဥယျာဉ်ခြံမြေ များ၏ အပင်အဟာရဓါတ် များကို သိရှိနိုင်ရန်နှင့် မြေတွင် Heavy Metal ပါဝင်မှုများ သိရှိ နိုင်ရန် ၊ မြေနမူနာ ယူနည်းများ၊ သွင်းရေ၏ အရည်အသွေး သိရှိနိုင်စေရန် နှင့် ရေနမူနာယူနည်းများ၊ မြေဩဇာအရည်အသွေး၊ စံချိန်စံညွှန်းများသိရှိနိုင်ရန်တို့ကို ရည်ရွယ်၍ မြေဩဇာနမူနာယူနည်းများကို ဆွေးနွေးပို့ချခဲ့သည်။

သင်တန်းသို့ မုံရွာမြို့နယ်မှ တက်ရောက်လာသောတောင်သူများအနေဖြင့် ရေစုဆောင်းနည်းများနှင့် ရေစနစ်တကျ ချွေတာသုံးစွဲရေးနည်းလမ်းများကို လက်တွေ့ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်းနှင့် မိမိတို့ စိုက်ပျိုးရေး ဝန်ထမ်းများ အနေဖြင့်လည်း မြေနမူနာကောက်ယူ သင့်သည့်အချိန်၊ ကောက်ယူရမည့်အနက်၊ ကောက်ယူရမည့် နည်းလမ်းများ၊ မြေနမူနာယူရာတွင် ရှောင်ရှားရမည့်အချက်များအား သိရှိစေသည့်အပြင် ရေနမူနာရယူပုံ နည်းလမ်းများနှင့် မြေဩဇာနမူနာယူနည်းများ စသည့်အကျိုး ကျေးဇူးများရရှိစေကြောင်း၊သင်သန်းကို တစ်ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၏ပြောကြားချက်အသိရသည်။

ဆက်လက်ပြီး တာဝန်ရှိသူ သင်တန်းနည်းပြဆရာဆရာမများက တက်ရောက်လာသော ဝန်ထမ်းများနှင့် တောင်သူ များအား မြေနမူနာယူနည်းများ၊ မြေချဉ်ငံဓာတ် တိုင်းတာနည်းများအား လက်တွေ့ပြသခဲ့သည်။ အဆိုပါ နည်းပညာပေး သင်တန်းနှင့် ကွင်းသရုပ်ပြပွဲသို့ တိုင်း၊ ခရိုင်မှဝန်ထမ်းများ၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ (၅၀) ဦးနှင့် တောင်သူ (၁၅) ဦး စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)