မင်းဘူး အောက်တိုဘာ ၁
ဂရုဓမ္မအခါတော်နေ့ ဆိုသည်မှာ သူတော်ကောင်းတို့သည် ငါးပါးသီလ တရားတော်မြတ်ကို ခါးဝတ် ပုဆိုး ကဲ့သို့ မြဲမြန်စွာ စောင့်ထိန်းခြင်းဟုအဓိပ္ပာယ်ရသည်။
ဂေါတမ မြတ်စွာဘုရားရှင် နုစဉ်အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေကြတဲ့သူတွေဟာ လူတိုင်း ကိုယ်စီ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် သူတို့တိုင်းပြည်မှာ မိုးလေ ဝသ မှန်ကန်ပြီး ကပ် ကြီးသုံးပါးမှ လွတ်မြောက် နေကြပါတယ်။
ကုရုတိုင်းမှာ မိုးလေဝသညီမျှစွာ ရွာသွန်းနေချိန်မှာ ကာသိင်္ဂတိုင်းပြည်မှာ မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက် ရောက်နေပြီး လူရော တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်။ ရှေးမင်းများ ထုံးစံအတိုင်း မိုးရွာအောင် အလှူပေးပြီး ဘုရင် ကိုယ်တော်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလ စောင့်ထိန်းပေမဲ့ မိုးကမရွာဘဲ ဖြစ်နေပါတယ်။
ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဥ္စနဝဏ္ဏ ဆင်တော်ကြီးရှိလို့ မိုးရွာတာဘဲလို့ အယူရှိကြပြီး ဆင်ကြီး ကိုရအောင် ကိုယ်စားလှယ်တော်တွေ လွှတ်ပြီး ရွှေနဲ့လဲပါလို့ တောင်းဆိုကြပါတယ်။ ဒီတော့ ကုရု ဘုရင်ကြီးက စာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာ ဒီဆင်ကြီးရှိမှ မိုးရွာမယ်ဆိုလျှင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့မရောင်းဘဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ်ဆိုပြီး ဆင်တော်ကြီးကို ပေးလိုက်ပါတယ်။ ဆင်တော်ကြီး ရောက်လာတော့လည်း ကာသိင်္ဂ တိုင်းပြည်မှာ မိုးကမရွာဘဲ မိုးခေါင် နေပြန်ပါတယ်။ ဒီတော့ မိုးမရွာတာဟာ ဆင်ကြီးနဲ့ဘာမှ မပတ်သက်ဘူး သူတို့ တိုင်းသူ ပြည်သားတွေ ကျင့်သုံးနေကြတဲ့ ဂုရုဓမ္မကြောင့်သာ ဖြစ်နိုင်တယ်လို့ သဘောပေါက်ပြီး အဲဒီ တရားတော်ကို ရွှေပြား ပေါ်မှာ ကူးယူခဲ့ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံ စေလွှတ် ပြန်ပါတယ်။
ကုရုတိုင်းပြည်မှာ တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲမြံကြတဲ့အနက် (၁) ရှင်ဘုရင်ကြီး၊ (၂) မယ်တော်ကြီး၊ (၃) မိဖုရားကြီး၊ (၄) အိမ်ရှေ့စံမင်း၊ (၅) ပုရောဟိတ်၊ (၆) မြေတိုင်းအမတ်၊ (၇) ရထားထိန်း၊ (၈) လယ်ပိုင်ရှင်၊ (၉) တင်းခြင်အမတ်၊ (၁၀) တံခါးမှူး၊ (၁၁) ပြည့်တန်ဆာမဆိုတဲ့ ပုဂ္ဂိုလ် (၁၁) ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ထိန်းကြတဲ့အတွက် သူတို့ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး တောင်းလာခဲ့ပါတယ်။ ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်ကြီး ကစပြီး တစ်တိုင်းပြည်လုံး ကျင့်သုံး စောင့်ထိန်းကြတဲ့ အခါမှာ မိုးတွေရွာသွန်းပြီး ကာသိင်္ဂ တစ်တိုင်းပြည်လုံး ကပ်ကြီးသုံးပါးမှ လွတ်ကင်းပြီး သာယာဝပြောတဲ့ နိူင်ငံ ဖြစ်လာ ပါတော့တယ်။ ကုရုတိုင်းသူပြည်သားများ စောင့်ထိန်း လာကြသော သီလဖြစ်သောကြောင့် ကုရုဓမ္မဟုခေါ်တွင်ရာမှ ကာလရွေ့လျော လာသောအခါ ဂုရုဓမ္မ ဟုဖြစ်ပေါ် လာတော့သည်။ ထိုနေ့သည် တော်သလင်းလပြည့်နေ့ဖြစ်ပါသည်။ ထို့ကြောင့် တော်သလင်းလပြည့်နေ့အား ဂုရုဓမ္မ အခါတော်နေ့ ဟုသတ်မှတ်ခဲ့ပါသည်။
ဤသို့ ဘုရားရှင်က ကိုယ်ကျင့်တရား ပျက်စီးလာပါက ထိုတိုင်းပြည်သည် ဘေးအန္တရာယ်များ ကြုံတွေ့ ရလိမ့်မည်ဟု တရားတော်များမှာ ဟောကြားတော်မူခဲ့ပါသည်။ သို့ပါ၍ တိုင်းသူပြည် သားများသည် တော်သလင်းလပြည့် ဂုရုဓမ္မ အခါတော်နေ့တွင် ငါးပါးသီလ တရားတော်များကို စောင့်ထိန်းနိုင်ပါကြောင်း ရည်သန်၍ ဆုမွန်ကောင်းလိုက်ပါ တော့သည်။ ။
ဇေယျာထက် (မင်းဘူး)