သာယာဝတီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

သာယာဝတီ     မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၂ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က စာဖတ်ဝိုင်း ပြုလုပ်ရသည့်  ရည်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း)က စာရေးဆရာ‌ မောင်မိုးယံရေးသားထားသည့်  “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ”  စာအုပ်မှ လူငယ်နှင့် စာပေမြတ်နိုးစိတ်အကြောင်းကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့်စာပေဝါသနာရှင်များက မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည် ဆွေးနွေးခဲ့ကြ​သည်။

ယင်းကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည် ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် ပြပွဲ၊ပြိုင်ပွဲများကိုလည်း လစဉ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)