မကွေးမြသလွန်ဘုရားကုန်းတော်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

မကွေး မတ် ၁၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် () နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍  မကွေးမြသလွန်ဘုရား ကုန်းတော်၌  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ ဘုရားဖူးလာပြည်သူများ ဘုရားလာရောက်ဖူးမြော်ရာတွင် စိတ်ချမ်းမြေ့သာယာစွာ ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ မကွေးမြသလွန်ဘုရားကုန်းတော်နှင့် ဘုရားသွားရာ လမ်းဘေးဝဲယာတစ်လျှောက်ရှိ မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသ ကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ရေးသည် အရေးကြီးပါကြောင်း၊ ဘုရားကုန်းတော်နှင့်လမ်းများသန့်ရှင်းနေပါက ဘုရားဖူးလာပြည်သူများ ဘုရားလာရောက်ဖူးမြော်ရာတွင် စိတ်ချမ်းမြေ့သာယာစွာ လာရောက်ဖူးမြော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့် ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများနှင့် ပန်းခြံများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)