ဘားအံ မတ် ၁၀
(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Steel Stone ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် လမ်းသည် ကရင်ပြည်နယ်၏ အဓိကလမ်းမကြီးများ၊ ပြည်နယ်ချင်းဆက် လမ်းမကြီးများဖြစ်သည့် သထုံ-ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ဘားအံ-အိန္ဒု-ဇာသပြင်လမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းတို့အား အဓိကဆက်သွယ်ပေးထားသည့် လမ်းတစ်လမ်းဖြစ်သည့်အပြင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သို့ ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေးဘုရားဖူးခရီးသွား ဧည့်သည်များ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေကာ ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့် လမ်းအရှည်(၁)မိုင် (၁)ဖာလုံအား ၁၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊ ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံး ရောက်ရှိစေမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များ အသုံး ပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ကာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း(ဒုံသို့မှဆဒ္ဒန်ဂူလမ်းပိုင်း)ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၇၁၁ ဒဿမ ၈၆၃ )သန်းဖြင့် Steel Stone ကုမ္ပဏီမှ ၁၄ ပေအကျယ် ကွန်ကရစ်လမ်း နှစ်မိုင်နှင့် ၁၀ ပေ အကျယ် ကွန်ကရစ်တံတားတစ်စင်းတို့ကို ဆောင်ရွက်ပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၁၅၉ အိမ်နှင့် လူဦးရေ ၄၄၆၁ ဦးတို့အား အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)