ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဟားခါး မတ် ၉

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ အထိမ်းအမှတ် အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးအဖွဲ့ရုံး၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က မြန်မာနိုင်ငံဟာ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း ၁၉၉၅)ကို အခြေခံ၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (Convention on the Elimination of all Forms of Discrimination Against Women- CEDAW) (စီဒေါ)ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ၏အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံမှ ကာကွယ်စောင့်ရှောက်ရေး တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး ဌာနဟာ အမျိုးသမီးများရဲ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်များ ပိုမိုတိုးမြှင့်လာနိုင်စေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်ဝန်ကြီးဌာန (Focal Ministry) အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများ၊ အမျိုးသမီးများ အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့် မီဒီယာ၊ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ်များ အစရှိသည့် ဧရိယာ (၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃−၂၀၂၂)ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ကျား/မ ရေးရာတန်းတူ ညီမျှခြင်းနှင့် အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာ အခြေအနေ ဆန်းစစ်မှုအစီရင်ခံစာကို ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများအတွက် အာမခံချက်ရှိသည့်တန်းတူအခွင့်အရေးများ သေချာစွာ  ရရှိရန် ဆောင်ရွက်ဖို့ အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တာဝန်ရှိပါကြောင်း၊ ထိုအထဲတွင် အရင်းအမြစ်များ၊ အခွင့်အလမ်းများနှင့် ဝန်ဆောင်မှုများကို အမျိုးသမီး တန်းတူ လက်လှမ်းမီရရှိရန်၊ မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့်အဆင့်အားလုံးနှင့် လူ့အဖွဲ့အစည်း အတွင်းရှိ နေရာအားလုံးတွင် အမျိုးသမီးများ ကိုယ်စားပြု ပါဝင်နိုင်မှုသည်လည်း အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “ကျား/မတန်းတူ ညီမျှဖို့၊ နည်းပညာနဲ့ဆန်းသစ်စို့” (Digit All Innovation and Technology For Gender Equallity) ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းက ၂၀၂၃ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)