ပိုင်ကျုံ မတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ.ထ.က-ပတကျောင်း၌ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄)လနှင့်အထက် ရှိသူများဖြစ်သည့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဒေသနေပြည်သူများနှင့် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အပတ်စဉ် အင်္ဂါနေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)