အင်ပင်-ဆပ်သွားချောင်းလမ်းပေါ်ရှိ ဆပ်သွားချောင်းတံတား အသစ်ပြန်လည်ဆောက်လုပ်ရန် ဆောင်ရွက်

မြန်အောင် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြိုနယ်၊ အင်ပင်မြို့နှင့် ဆပ်သွားချောင်းကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ  ပျက်စီးနေသော ဆပ်သွားချောင်းတံတားအား အင်ပင်ဓူဝံကျောင်းတိုက် ဆရာတော် ဥူးစာရိန္ဒနှင့် အလှူရှင်များက အသစ်ပြန်လည်ဆောက်လုပ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးနေသော ဆပ်သွားချောင်းတံတားကို အသစ်ပြန်လည်ဆောက်လုပ်ရန် အင်ပင်မြို့ အုပ်ချုပ် ရေးမှူး ဦးနိုင်လင်းအောင်နှင့် မြို့မိ မြို့ဖများမှ ယမန်နေ့က ကွင်းဆင်းတိုင်းတာခဲ့ရာ တံတားအား အရှည်(၃၀) ပေ၊ အကျယ်(၁၂)ပေ၊ အမြင့် (၁၅) ပေခန့် ဆောက်လုပ်သွားရ မည်ဖြစ်ပြီး ကုန်ကျစရိတ်မူကြမ်း တွက်ချက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆပ်သွားချောင်းတံတား တည်ဆောက်ပြီးပါက အင်ပင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆပ်သွားချောင်း ကျေးရွာ၊ မိသလင်ချောင်ကျေးရွာ၊ ကုန်းကြီးကျေးရွာတို့မှ အိမ်ခြေ၊ အိမ်ထောင် စု(၃၆၀)ခန့်တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများအတွက် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မည့်အပြင် ၎င်းကျေးရွာများမှ လယ်မြေ ဧက(၅၀၀)ခန့်နှင့်ဥယျဉ်ခြံမြေ ဧက ၁၀၀ ခန့်တို့မှ ထွက်ရှိမည့် မိုးစပါး၊ နွေစပါး၊ မြေပဲ၊ နှမ်းနှင့် ဆောင်းသီးနှံများ ကုန်စည်စီးဆင်းမှုကို အထောက်အကူဖြစ်စေမည့် တံတားတစ်ခုဖြစ်ကြောင်း အင်ပင်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်ထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)