ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင် မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆီစားသုံးမှုဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ရရှိစေရန်အတွက် နေကြာများကို တိုးချဲ့စိုက်ပျိုးလာကြရာ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပိုးစာကုန်းကျေးရွာက နေကြာစိုက်တောင်သူထံမှ သိရသည်။

နေကြာစိုက်ပျိုးရာတွင် အများအားဖြင့် ရေဆင်း(၁) စပ်မျိုးနေကြာကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် နိုင်ငံတော်က တောင်သူများအတွက် နေကြာမျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးပြီး နေကြာစိုက်ပျိုး နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ခြင်းကြောင့် တောင်သူအများစု စိုက်ပျိုးလာကြကြောင်း၊ လက်ရှိတွင် ဒီဇင်ဘာလကစိုက်ပျိုးခဲ့သည့် နေကြာများမှာ ပန်းများပွင့်ကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ထိုဒေသတွင် နေကြာကို သီးထပ်စနစ်ဖြင့် ဖေဖော်ဝါရီလအကုန်အထိ စိုက်ပျိုးကြပြီး ထယ်ရေး နှစ်စပ်၊ ထွန်ရေးနှစ်စပ်ထွန်ယက်ကာ အတန်းခြား ၂ပေ၊ အပင်ခြား ၈လက်မခန့်ခြားကာ အတန်း လိုက်အစေ့ချစနစ်ဖြင့်လည်းကောင်း၊ ပက်ကြဲ၍လည်းကောင်း စိုက်ပျိုးနိုင်ပြီး အတန်းလိုက် စိုက်ပျိုးခြင်းက အပင်ပေါက်စုံသည့်အပြင် အထွက်နှုန်းပိုကြောင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးလျှင် တစ်ဧကအထွက်နှုန်း တင်း ၂၀မှ ၃၀အထိ ထွက်ရှိနိုင်ကြောင်း၊ နေကြာကို စိုက်ပျိုးခြင်းသည် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာပြီး ဆီစားသုံးမှုဖူလုံသည့်အပြင် မိသားစုဝင်ငွေ ပိုမိုရရှိကာ စီးပွားရေးအဆင်ပြေလာကြမည်ဖြစ်၍ စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း တောင်သူ တစ်ဦးက အကြံပြုပြောကြားသည်။

ဖောင်းပြင်မြို့နယ်တွင် ပိုးစာကုန်းကျေးရွာ၊ ဆည်ချောင်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ကုန်းအောက်တောင်းကျေးရွာ၊ နောင်ရင်းကျေးရွာ၊ မင်းယားကျေးရွာ၊ ကော်ကမ်း ကျေးရွာတို့တွင် နေကြာကိုအများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)