ပေါက်ခေါင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းရေလှောင်တမံမှ ဆည်ရေများကို မတ်လ ၁ ရက်နေ့က စတင်၍ ပေးဝေနေပြီဖြစ်ရာ တောင်သူများမှ နွေစပါးသီးနှံစိုက်ပျိုးရန် စတင်လယ်မြေများ ကို ထွန်ယက်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
နွေစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၄ သိန်းမှ ၅ သိန်းအထိကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄ လအကြာတွင် ရိတ်သိမ်းရကြောင်း၊ အထွက်နှုန်းအနေဖြင့် ပျှမ်းမျှတစ်ဧကလျှင် တင်း ၈၀ မှ ၁၂၀ တင်းအထိထွက်ရှိပြီး စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းခန့်ရရှိကြောင်း စပါးအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းလည်း ပြောင်းလဲမှုကြောင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ချိုက ပြောသည်။ ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများ အနေဖြင့် GW-11, ရတနာတိုး၊ ရက် ၉၀ စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးကြောင်းနှင့် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ၁၁၃၁၄ ဧကလျာထား စိုက်ပျိုး မည်ဖြစ်ပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်း နွေစပါး ၆၈၈၀ ဧကစိုက်ပျိုးမည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)