ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ စားနပ်ရိက္ခာများ ထောက်ပံ့

ကျောက်ကြီး မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် United Nations World Food Programme (WFP)မှ စားနပ်ရိက္ခာများ (အခမဲ့)ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ရာတွင် လူ(၁)ဦးလျှင် (၂)လစာအဖြစ် ဆန်(၁၃)ပြည်(၄)လုံး၊ ပဲ(၁)ပြည်(၆)လုံး၊ ဆီ(၂)လီတာနှင့်လူ(၅)ဦးလျှင် ဆား(၂)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးရာ ကျောက်ကြီးမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား ပဲခူးရပ်ကွက်ရှိ မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာတွင် အိမ်ထောင်စု(၉၈)စု လူဦးရေ (၄၀၄)ဦး၊ သိန်တန်းရပ်ကွက် ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ အိမ်ထောင်စု(၃၂၃)စု လူဦးရေ(၇၉၄)ဦးအား စားနပ်ရိက္ခာအမယ်(၄)မျိုးကို လူ(၁)ဦးလျှင် (၂)လစာနှုန်းဖြင့်ထောက်ပံ့ပေးခဲ့သည်။

ယခုလိုထောက်ပံ့ပေးရခြင်းမှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် စားနပ်ရိက္ခာအမယ်(၄)မျိုးအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အမယ်(၄)မျိုးမှာ ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ဖြစ်ကြောင်း၊ ထောက်ပံ့ကူညီတဲ့အခါမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအနေဖြင့် ထောက်ပံ့ကူညီတာဖြစ်တဲ့အတွက် ယခုလိုထောက်ပံ့ပစ္စည်းများရဖို့အတွက် အခကြေးငွေပေးဆောင်းရန်မလိုကြောင်း၊ ခက်ခဲနေတဲ့မိသားစုများအား အိမ်ထောင်စုလိုက်ထောက်ပံ့ပေးခြင်းမဟုတ်ပဲ၊ လူဦးရေအလိုက်ထောက်ပံ့ပေးခြင်းကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တာဝန်သူတစ်ဦးပြောကြားချက်အရသိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)