နတ်မောက်မြို့နယ် တမာပင်ရပ်ကွက်၌ ဆူကာဘိုကာရှီပြုလုပ်နည်း လက်တွေ့သရုပ်ပြ

နတ်မောက် မတ် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သဘာ၀မြေဩဇာများ တိုးချဲ့သုံးစွဲလာနိုင်ရေး သဘာ၀မြေ ဩဇာများကို အီးအမ်နည်းပညာဖြင့် အမျိုးမျိုးအသုံးပြုလာနိုင်ရေးအတွက် ဆူကာဘိုကာရှီပြုလုပ်နည်း တောင်သူအသိပညာပေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က  တမာပင်ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆူကာဘိုကာရှီပြုလုပ်ရာတွင်  အီးအမ်အပြင်း၊ ဖွဲနု၊ နွားချေး၊ စပါးခွံ၊ တင်လဲရည် များဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး  တောင်သူများအတွက် အလွယ်တကူဆောင်ရွက်နိုင်၍  အကျိုးဖြစ်ထွန်းစေတဲ့ သဘာ၀မြေဆွေးဖြစ်ပါကြောင်း၊   သီးနှံအမျိုးအစား အလိုက် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရာတွင်  ယခုအခါ၌ ဓာတ်မြေဩဇာစျေးနှုန်း ကြီးမြင့်နေခြင်းနှင့်  သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေဩဇာများစွာ အသုံးပြုပါက သဘာ၀ပတ်ဝန်းကျင်နှင့် ဇီ၀လည်ပတ်မှုစနစ်များကို ပျက်စီးစေပြီး စိုက်ပျိုးနေသော မြေဆီဩဇာများကို လျင်မြန်စွာလျော့ကျ၍ ရောဂါပိုးမွှားများ ပိုမိုများပြားလာနိုင်ကြောင်း၊တစ်ဧကအထွက်နှုန်းတိုးတက်ရေး တစ်ဧကအကျိုး အမြတ်များစွာရရှိရေးနှင့်  သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းပြီး ရေရှည် တည်တံ့သော  စိုက်ပျိုးရေးစနစ်ကို  ဖော်ဆောင်နိုင်ရန် သဘာ၀မြေဩဇာ ပြုလုပ်သုံးစွဲနည်းသည် အရေးပါတဲ့ကဏ္ဍ ဖြစ်လာသည့် အတွက်ကြောင့် တောင်သူများအား ဆူကာဘိုကာရှီပြုလုပ်နည်းများ၊ အီးအမ်မြေဆွေးပုံများ ပြုလုပ်သုံးစွဲခြင်း၊ သဘာ၀ မြေဩဇာများ အမျိုးမျိုးချဲ့ထွင်သုံးစွဲခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူအသိပညာပေး လက်တွေ့သရုပ်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ထံက သိရသည်။

မူမူစန်း