ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)သို့ ကရင်ပြည်နယ်မှ သူနာပြုဆရာ/ဆရာမ(၂၀)ဦး သွားရောက်တာဝန်ထမ်းဆောင်ရန်ထွက်ခွာ

ဘားအံ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြ သည်။

သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးဦးဘိုဘိုဝေမောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ဆေးရုံ အုပ်ကြီးဒေါက်တာဘရန်အောင်နှင့်တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီး(ဘားအံ)သုံးထပ်တိုးချဲ့လူနာဆောင်တွင် ဂုဏ်ပြု တွေ့ဆုံခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီးက ကရင်ပြည်နယ်ကို ကိုယ်စားပြုပြီး သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအနေဖြင့် လိုအပ်ချက်များရှိလာပါက ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်စေလို ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပြည့်ပြည့်ဝဝစီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရတစ်ဖွဲ့လုံးကလည်း စေတနာ့တာဝန်ထမ်ဆောင်ကြမည့် Volunteer သူနာပြုများကို လိုက်လိုက်လှဲလှဲဂုဏ်ယူနေကြပါကြောင်း၊ နောက်ဆံမတင်းဘဲ ကိုယ့်ကျန်းမာရေး ပြည်သူ့ကျန်းမာရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း မှာကြားခဲ့ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်သူနာပြု/သားဖွား အသင်း၊ ကရင်ပြည်နယ်ကုသရေးဦးစီးဌာနတို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

“ သူတို့အနေနဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အနည်းဆုံး ၂ ပတ်လောက်ကနေ လိုအပ်ရင်တစ်လလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အခြေအနေရဲ့အပေါ် လူရဲ့ပင်ပန်းမှုအပေါ်မူတည်ပြီးတော့ စီစဉ်ရမှာဖြစ်တဲ့ အတွက်  တာဝန်တွေ ချိန်းသွားရမှာဖြစ်ပါတယ်၊ အဓိကတော့ ဒီဆရာ၊ဆရာမတွေက ကုသရေးကိစ္စရပ်တွေမှာ Positive လူနာတော်တော် များများရဲ့  ကုသမှုတာဝန်တွေကို အနီးကပ်တာဝန်ယူပြီး လုပ်ရမယ့်သူတွေဖြစ်ပါတယ်၊ အရေးကြီးတာလူနာဘဲဆိုတာကြီး က သူတို့ခေါင်းထဲအမြဲရှိနေတယ်၊ လူနာတစ်ခုခုဖြစ်ရင် ကောင်းအောင်အမြန်လုပ်မယ်ဆိုတဲ့စိတ်ဘဲရှိနေတဲ့အခါကျတော့ သူများကို ကူမယ့်ကယ်မယ့်သူတွေဟာ ကိုယ့်ကိုကိုယ်ကူဖို့ကယ်ဖို့စနစ်နဲ့နေဖို့ မေ့နေတက်ကြတယ်၊ သတိနဲ့နေဖို့ သတိ မလွတ်ဖို့ ကျွန်တော်တို့အမြဲမှာကြားထားပါတယ်”  ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် ကပြောသည်။

ယခုကဲ့သို့ ကရင်ပြည်နယ်မှ သွားရောက်တာဝန်ထမ်းဆောင်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)သို့ သူနာပြုဆရာ/ဆရာမ(၂၀)ဦး တာဝန် ထမ်းဆောင်ရန် သွားရောက်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)