ဖျာပုံ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၁၁)ရပ်ကွက်၊ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲကပ်လှူပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က သာစည်ဘုရားကြီး ရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် စာရေးတံမဲ ကပ်လှူပွဲကျင်းပရာတွင် ပြည်လုံးချမ်းသာ သာစည်ဘုရားဝန်းရှိ မဇ္ဈိမဂုဏ်ရည် မဟာဓမ္မဗိမာန်တော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော် (၇၂) ပါးတို့အား ပြည်လုံးချမ်းသာ သာစည် ဘုရားကြီး ပြန်လည်ပြုပြင် သာသနာပြု မတည်အလှူရှင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကောဝိဒနှင့် အလှူရှင်များမှ လှူဒါန်းသော အလှူငွေများအား စာရေးတံမဲများ မဲဖောက် ဆက်ကပ်လှူဒါန်း ကြပြီး ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး ရင်ပြင်တော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဘုရားအမှူးရှိသော သံဃာတော်(၇၂)ပါးတို့အား ဖျာပုံခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ် အတွင်းရှိ အလှူရှင်များမှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။ (၃၉)ကြိမ် မြောက် ဘဝအလှဆင် ဓမ္မသဘင် အထူးတရားပွဲကို မတ်လ(၈) ရက်နေ့နှင့် (၉)ရက်နေ့ ည(၇)နာရီ အချိန်တွင် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး ဗုဒ္ဓရင်ပြင်တော်၌ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး ပြန်လည်ပြုပြင် သာသနာပြုမတည်အလှူရှင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒမှ တရားရေအေးအမြိုက် ဆေးတိုက်ကျွေးတော်မူကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)