ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ မတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဦးထွန်းလင်းက စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်မှ လူငယ်နှင့်ပရဟိတစိတ်ဓာတ်ခေါင်းစဉ်တွင် ပါရှိသော သူတစ်ပါးအကျိုးကို လုပ်ဆောင်တာဟာလည်း ကိုယ့်အကျိုးအတွက်ကောင်းတဲ့ အထောက်အပံ့ တစ်ခုဖြစ်ပါတယ်။ လုပ်နိုင်သလောက်လုပ်ဖို့ပါပဲ၊ မနိုင်ဝန်ထမ်းစေတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ လုပ်ပိုင်ခွင့်နယ်ပယ်ကိုကြည့်ရမယ်၊ လုပ်နိုင်တာကိုဘဲ လုပ်ရမယ်၊ ဘယ်အချိန်ထိ လုပ်ပေးနိုင်မှာလဲ၊ ဘယ်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ဖြစ်စေမလဲ၊ ချင့်ချိန်ပါ၊ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတဲ့လူသားတွေ လောကကြီးမှာ အများကြီးရှိနေကြောင်း၊ အနာဂတ်ရဲ့ဝန်တွေကို ပခုံးလွှဲတာဝန်ယူမယ့် လူငယ်တွေကို အဓိကထားပြီးပြောချင်ပါတယ်၊ စိတ်ဓါတ်ခိုင်မာဖို့လိုတယ်၊ တည်ငြိမ်ဖို့လိုတယ်၊ အမှန်တရားအတွက် ရပ်တည်ရဲတဲ့စိတ်ဓာတ်ကို မွေးမြူရဲရမှာဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ အရာရာကိုဝေဖန်ပိုင်းခြားနိုင်ပြီး ဆုံးဖြတ်ချက်ခိုင်မာစွာ ချနိုင်ဖို့လိုအပ်ကြောင်း၊ လူမှုရေးဆိုတာ လူသားအားလုံးနဲ့ ဆိုင်တဲ့အရေးဖြစ်ကြောင်း၊ ဒါကြောင့်လူတိုင်းလိုလို ပရဟိတဆိုတာ လုပ်သင့်ပါသည်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)