ကသာ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရသည့်အကြောင်းနှင့် အားကစား သိပ္ပံကျောင်းအကြောင်းတို့နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးရာ ကသာခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်/လူရွယ်များ၊ ကျောင်းသား/သူများအား အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ရေးနှင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ရေးတို့အတွက် အားကစားနည်းမျိုးစုံရှိသည့်အနက် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဝိုင်းခြင်း၊ အေရိုးဗစ်စသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ ကသာခရိုင်အတွင်း အားကစားတွင် ထူးချွန်သူ ကျောင်းသား/သူ လူငယ်၊ လူရွယ်များကို မြို့နယ်အလိုက် ရွေးချယ်လေ့ကျင့်ပေး၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် ဆက်လက်ပညာသင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး အစီအစဉ်များကို Online မှတဆင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းတွင် သင်ကြားပေးနေသည့် အားကစားနည်းများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)