ပိုင်ကျုံမြို့၊ မူ(လွန်)မိုးနိုင်းကျောင်း၌ Steel Structure ဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ   မတ်   ၉

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊  မိုးနိုင်းကျေးရွာရှိ မူ (လွန်)မိုးနိုင်းကျောင်းတွင် Steel Structure ဖြင့် (ပေ ၉၀× ပေ ၃၀)ရှိ တစ်ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ပေးခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံ ငွေကျပ်သိန်း (၅၄၀)ဖြင့် ငွေဒင်္ဂါး ရွှေဒင်္ဂါး ကုမ္ပဏီမှ (၅၀)ရာခိုင်နှုန်းအထိဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေး အတွက် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ခြင်းလုပ်ငန်းများ ပြန်လည်စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၇ ရက်နေ့တွင် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးဖြစ်ပါ၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူ(လွန်) မိုးနိုင်းကျောင်းမှ တက်ရောက်ပညာသင်ယူနေသည့် မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျောင်းသားလူငယ်များ အနေဖြင့်  အဆင်ပြေစွာ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)